အင်ဂျင်ဝိုင်ထုတ်လုပ်ရာမှာ အဓိက ပါဝင်တဲ့ ‘Base Oil နဲ့ Lubricant Additives များ

Base Oil 75% to 95% + Additives 5% to 25% = Engine Oil

အင်ဂျင်ဝိုင် ထုတ်လုပ်ရာမှာ ( စက်မှုလုပ်ငန်းသုံး အင်ဂျင်ဝိုင်၊ လူစီးကားသုံး အင်ဂျင်ဝိုင်၊ ဟဲဗီးဂျူတီ ဒီဇယ်ကားသုံး အင်ဂျင်ဝိုင်၊ စသဖြင့် ထုတ်လုပ်မယ့် အင်ဂျင်ဝိုင်အမျိုး အစား ပေါ် မူတည်ပြီး ) Base Oil 75% မှ 95% အထိ ပါဝင်ပြီး ၊ Additives (ဖြည့်စွက်ပစ္စည်းများ) က 5% to 25% အသုံးပြု ထုတ်လုပ်တယ်။

Base Oil Group များ
Full Synthetic အင်ဂျင်ဝိုင် လား၊ Semi-synthetic အင်ဂျင်ဝိုင်လား၊ Mineral အင်ဂျင် ဝိုင် လား ဆို တာ အသုံးပြုတဲ့ ‘Base Oil Group’ အပေါ်မှာသာ မူတည်တယ်။ ဒါကြောင့် ‘Base Oil Group’ တွေ အကြောင်း ပြောချင်ပါတယ်။
1993 ခုနှစ်တွင် API (American Petroleum Institute) က Base Oil Group တွေကို အောက်ပါ အတိုင်း အုပ်စု (၅) ခု ခွဲဲခြား သတ်မှတ် ထားပါတယ်။

(မှတ်ချက်။ ။Group III base oil အသုံးပြုထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်များကို Synthetic Lubricants အမှတ်အသားပြုပြီး စျေး ကွက်တင်ရောင်းချနိုင်ကြောင်း US Better Business ဗျူရို ၏ ကြော်ငြာဌာနခွဲက 1999 ခုနှစ်တွင် သတ်မှတ်ပေးခဲ့ပါတယ်။)

Lubricant Additives (ဖြည့်စွက်ပစ္စည်းများ)

API (အမေရိကန်ရေနံဓါတုအဖွဲ့) သို့မဟုတ် အင်ဂျင်ဝိုင် အရည်အသွေး စစ်ဆေးထောက်ခံချက် ပေးနေသော အဖွဲ့အစည်း များ ၏ သတ်မှတ် အဆင့်အတန်းမီ ထုတ်လုပ်နေသော အင်ဂျင်ဝိုင် အားလုံးနီးပါး မှာ Lubricant additives (ဖြည့်စွက်ပစ္စည်းများ) ကို ထည့်သွင်း ထုတ်လုပ် ထားပါတယ်။
အင်ဂျင်ဝိုင်မှာ ဘာကြောင့် Lubricant additives (ဖြည့်စွက်ပစ္စည်းများ) ကို ထည့်သွင်းဖေါ်စပ်ရတာလဲ ။ အကြောင်း ၃ ရပ် ရှိပါတယ်။
၁။ အခြေခံချောဆီ Base oil မှာပါတဲ့ တစ်ချို့ ဂုဏ်သတ္တိတွေကို ပိုကောင်းစေရန် ။
၂။ အခြေခံချောဆီ Base oil မှာ ပါတဲ့ မလိုလားတဲ့ ဂုဏ်သတ္တိတွေကို ထိန်းချုပ်ရန် နှင့်
၃။ အခြေခံချောဆီ Base oil မှာ မပါရှိသေးတဲ့ ဂုဏ်သတ္တိများကို ဖန်တီးပေးရန် တို့ဖြစ်တယ်။


Lubricant additives (ဖြည့်စွက်ပစ္စည်းများ) ဟာ စျေးကြီးတဲ့ ဓါတုပစ္စည်းများ ဖြစ်ပြီး၊ အချိုးကျ ပေါင်းစပ်ခြင်း၊ ပေါင်းစပ်တဲ့ဖေါ်မြူလာ အချိုးအစား တွက်ထုတ်ခြင်းဟာ ခက်ခဲ နက်နဲတဲ့ သိပ္ပံပညာရပ် ဖြစ်တယ်။ တာဘိုင်ဆီ၊ ဟိုက်ဒြောလစ်ဆီ၊ ဂီယာဝိုင်၊ အင်ဂျင်ဝိုင် တို့ တစ်ခု နဲ့ တစ်ခု မတူညီတာက မတူညီတဲ့ additives အမျိုးအစား၊ အချိုး အစား တွေ သုံးပြီး ထုတ်လုပ် လို့ပါ။
Additives တွေကို ရွေးချယ်ရာမှာ သူတို့ရဲ့ လုပ်ဆောင်ချက် ဂုဏ်သတ္တိတွေ၊ အသုံးပြုမယ့် အခြေခံချောဆီ Base oil နဲ့ အလွယ်တကူ ရောနှောနိုင်မှု ရှိမရှိ၊ ဖေါ်မြူလာ မှာ ပါရှိတဲ့ အခြား သော Additives များ နဲ့ သဟဇာတ ဖြစ် မဖြစ်၊ နဲ့ ကုန်ကျစရိတ် တွက်ခြေကိုက်မှု ရှိ မရှိ တို့ အပေါ်မူတည်ပြီး ရွေးချယ် အသုံး ပြုကြပါတယ်။


တစ်ချို့သော Additives အမျိုးအစား တွေက အခြေခံချောဆီ Base oil နဲ့ အတူတူ အလုပ် လုပ် ကြပြီး၊ (ဥပမာ အောက်စီဂျင်နှင့် မရောနှောစေခြင်းဂုဏ်သတ္တိရှိတဲ့ anti-oxidants additive)။


တစ်ချို့ Additives အမျိုးအစား တွေက သတ္တုမျက်နှာပြင်များမှာ အစွမ်းပြကြပါတယ် (ဥပမာ – သတ္တုမျက်နှာပြင်များ ပွန်းစား ပျက်စီးမှုမှ ကာကွယ်ပေးသော Additives ၊ သံချေးမတက်စေသော Additives များ။).

Lubricant Additives (ဖြည့်စွက်ပစ္စည်း) အမျိုးအစားများ
၁။ သတ္တုမျက်နှာပြင်များကို အကာအကွယ်ပေးတဲ့ Lubricant additive များ
၂။ အင်ဂျင်ဝိုင်ရဲ့ စွမ်းဆောင်ရည်ကို ပိုကောင်းစေတဲ့ Lubricant additive များ နဲ့
၃။ ချောဆီကို အကာအကွယ်ပေးတဲ့ Lubricant additive များ တို့ ဖြစ်ပါတယ်။

မျိုးအစား တစ်ခုခြင်းစီ ရဲ့ အသုံးပြုရတဲ့ ရည်ရွယ်ချက်၊ အသုံးပြုတဲ့ ဓါတုဒြပ်ပေါင်း နဲ့ ၎င်း Lubricant additive များရဲ့ လုပ်ဆောင်ပုံများ


၁။ သတ္တုမျက်နှာပြင်များကို အကာအကွယ်ပေးတဲ့ Lubricant Additive များ


(က) ပွန်းစားပျက်စီးတာကို ကာကွယ်ပေးတဲ့ ပစ္စည်း (anti-wear agent)


ပွတ်တိုက်ပျက်စီးခြင်း ကို လျှော့ချပေးပြီး၊ ဆလင်ဒါအတွင်းမျက်နာပြင်များ ပျက်စီးခြင်း မှ ကာကွယ်ပေး ပါတယ်။
အသုံးများတဲ့ ဓါတုကွန်ပေါင်း တွေကတော့ Zinc Dithiophosphates, Organic Phosphates * Acid Phosphates; Organic Sulphur and Chlorine Compounds; Suphurized Fats, Sulfides and DiSulfides များ ဖြစ်ပါတယ်။ ၎င်း ဓါတုကွန်ပေါင်းများက သတ္တု မျက်နှာပြင်များတွင် ဓါတ်ပြုမှုဖြစ်ပြီး အလွှာပါး တစ်ခု အနေနဲ့ ဖြစ်လာတာ မို့ သတ္တုအချင်းချင်း တိုက်ရိုက်ပွတ်တိုက်မှုမဖြစ်အောင် လုပ်ဆောင်ပေးတယ်။


(ခ) တိုက်စားခြင်း၊ သံချေးတက်ခြင်းမှ ကာကွယ်ပေးတဲ့ဓါတုပစ္စည်း (Corrosion & Rust Inhibitor)


အက်စစ်များကို ဓါတ်ပြယ်စေခြင်း နဲ့ သတ္တုမျက်နှာပြင်များမှ ရေငွေ့များကို ဖယ်ရှားတဲ့ ဓါတု ပစ္စည်း အလွှာဖြစ်ပေါ်စေခြင်း တို့ကြောင့် အင်ဂျင်ထဲမှာ သံချေးတက်ခြင်း၊ တိုက်စားခြင်း တို့ကို လျှော့ချပေးတယ်။ ဒါမှမဟုတ် လုံးဝ မဖြစ်စေပါဘူး။ သတ္တုအမျိုးအစား ပေါ်မူတည်ပြီး အဆိုပါ additives များကို သုံးရတာမို့ တစ်မျိုးထက်ပိုတဲ့ Corrosion inhibitors များ အင်ဂျင်ဝိုင်မှာ ပါဝင်နိုင်ပါတယ်။ အသုံးများတဲ့ ဒြပ်ပေါင်း တွေကတော့ Zinc Dithiophosphates, Metal Phenolates, Basic Metal Sulfonates, Fatty Acids and Amines များ ဖြစ်ပါတယ်။ သတ္တုမျက်နှာပြင်များတွင် တွယ်ကပ်ပြီး အလွှာပါး တစ်ခုအဖြစ် ဖွဲ့စည်းကာ သတ္တုမျက်နှာပြင်ကို ကာကွယ်ပေးတယ်။ (သို့မဟုတ်) တိုက်စားတတ်သော အက်စစ်များကို ဓါတ်ပြယ် စေတယ်။


(ဂ)။ သန့်ရှင်း စေ သော၊ ဓါတ်ပြယ်စေသော additives (Detergent additives)


Detergent additives က အလုပ် နှစ်ခု လုပ်ဆောင်ပေးပါတယ်။ သတ္တုမျက်နှာပြင်များမှာ အနယ် အညစ်အကြေးများ မရှိအောင် သန့်ရှင်း စေပြီး၊ အင်ဂျင်ဝိုင်အတွင်း ဖြစ်ပေါ်လာတဲ့ တိုက်စားတတ်သော အက်စစ်များကို ဓါတ်ပြယ် စေပါတယ်။ အင်ဂျင်ဝိုင်မှာ ထည့်သွင်းအသုံး ပြုတဲ့ Detergent က ဘေ့စ် ဂုဏ်သတ္တိ ရှိတယ်။ သူ့ကို Base Number (BN)လို့ ရည်ညွှန်း လေ့ ရှိတယ်။ များသောအားဖြင့် ကယ်လ်စီယံ နဲ့ မဂ္ဂနီစီယံ ဒြပ်ပေါင်းတွေ ဖြစ်တယ်။ ဘေရီယမ် Detergent ကို တော့ ယခုအခါ သိပ် မသုံး တော့ပါ။ ချောဆီလောင်ကျွမ်းတဲ့ အခါ အဲ့ဒီ ဒြပ်ပေါင်း တွေက ပြာ အဖြစ် ကြွင်းကျန်ရစ်တာကြောင့် အပူချိန်မြင့်တဲ့ အခြေအနေမှာ မလိုလား အပ်တဲ့ ဓါတ်ကြွင်းတွေ ပို ပြီး ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီ ပြဿနာကြောင့် အင်ဂျင် ထုတ်လုပ်တဲ့ ကုမ္ပဏီများက ဓါတ်ပြာအထွက်နည်းသော အင်ဂျင်ဝိုင်များ အသုံးပြုရန် သတ်မှတ်လာကြတယ်။
ပုံမှန်အားဖြင့် Detergent additives ကို dispersant additive တစ်ခုနဲ့ တွဲသုံးလေ့ ရှိတယ်။ အသုံးများတဲ့ ဒြပ်ပေါင်း တွေကတော့ Calcium and Magnesium Phenolates, Phosphates and Sulfonates များ ဖြစ်ပါတယ်။


(ဃ) ခွဲခြားပြန့်နှံ့စေတဲ့ additives (Dispersant)


အင်ဂျင်အတွင်းမှာ အနယ်အနှစ်ကင်းစေရန် သန့်ရှင်းနေစေရန် Dispersant နဲ့ Detergent Additives များကို တွဲသုံးကြတယ်။ Dispersant ရဲ့ အဓိက အလုပ် က ဒီဇယ်အင်ဂျင်မီးခိုးအမှုန် များကို တစ် မိုက်ခရွန် အရွယ်အောက် သေးငယ်တဲ့ အမှုန်များအဖြစ် ချောဆီထဲမှာ ကောင်းစွာ ပြန့်နှံ့ နေအောင် လုပ်တာပါပဲ။ ကြီးမားတဲ့ အမှုန်များ၊ အနယ်များ ဖြစ်မလာအောင် ထိန်းထားပေးတာကြောင့် အင်ဂျင်ပျက်စီးမှုကို အနည်းဆုံး ဖြစ်စေပါတယ်။ Dispersant နဲ့ Detergent နှစ်မျိုးပေါင်းက အင်ဂျင်ဝိုင်အတွင်း ဖြစ်ပေါ်လာတဲ့ အက်စစ် ဒြပ်ပေါင်းများကို ပိုမို ခြေဖျက်ပေးပြီး အညစ်အကြေးအမှုန်များကို အသေးငယ်ဆုံး အရွယ်အစား နဲ့ချောဆီထဲမှာ ပြန့်နှံ့စေပါတယ်။ သို့သော် အချိန်တစ်ခု ကြာတဲ့ အခါမှာတော့ ၎င်းတို့ရဲ့ လုပ်ဆောင်နိုင်မှု များ ကျဆင်း လာတာဖြစ်လို့ အင်ဂျင်ဝိုင် ပုံမှန် လဲပေးဖို့ လိုအပ်လာပါတယ်။
Dispersant Additives အဖြစ် အသုံးပြုတဲ့ ဒြပ်ပေါင်းတွေကတော့ Polymeric Alkylthiophosphonates, alkylsuccinimides, နဲ့ Nitrogen ဒြပ်ပေါင်းများပါသော Organic Polymers များ ဖြစ်တယ်။


(င) Friction Modifier


အင်ဂျင်ရဲ့ ရွေ့လျား အစိတ်အပိုင်းများအချင်းချင်း ပွတ်တိုက်တာကို လျှော့ချပေးတာကြောင့် အင်ဂျင် အစိတ်အပိုင်း များ ပွန်းစားပျက်စီးတာ နည်း စေပြီး ၊ လောင်စာဆီ အကုန်အကျလည်း သက်သာစေတယ်။
ပုံမှန်အား ဖြင့် အသုံးပြုတဲ့ ဒြပ်ပေါင်းတွေက တော့ Organic Fatty Acids and Amines, Organic Phosphorus and Phosphoric Acid Esters များ ဖြစ်တယ်။

၂။ အင်ဂျင်ဝိုင်ရဲ့ စွမ်းဆောင်ရည်ကို ပိုကောင်းစေတဲ့ Lubricant additive များ


(က) Pour Point Depressant (သိပ်အေးတဲ့ အချိန်မှာလည်း အင်ဂျင်ဝိုင် အေးခဲမသွားပဲ စီးဆင်းစေတဲ့ ဓါတုပစ္စည်း)
(ခ) Seal Swell Agent (ရာဘာဆီးလ် မာကြွပ် မသွားအောင် လုပ်ဆောင်ပေးတဲ့ additive)
(ဂ) Viscosity Improver (စေးပျစ်အားကို ပြုပြင်ပေးတဲ့ additive) တို့ ဖြစ်ပါတယ်။

(က) Pour Point Depressant (သိပ်အေးတဲ့ အချိန်မှာလည်း အင်ဂျင်ဝိုင် အေးခဲမသွားပဲ ပုံမှန်အတိုင်း စီးဆင်းစေတဲ့ ဓါတုပစ္စည်း)


အင်ဂျင်ဝိုင် အမျိုးအစားတစ်ခုရဲ့ Specs (အသေးစိတ်အချက်အလက်) တွေမှာ ဖေါ်ပြလေ့ရှိတာ Pour Point ပါ။ Pour Point ကု ိ ံC or ံF နဲ့ ဖေါ်ပြလေ့ ရှိပါတယ်။ အင်ဂျင်ဝိုင်ပုံမှန် စီးဆင်းနိုင်သေးတဲ့ အနိမ့်ဆုံး အပူချိန်ပါ ။ ဘယ်လောက် အေးခဲ့နေတဲ့ အချိန်မှာ အင်ဂျင်ဝိုင် စီးဆင်းနိုင်သလဲ ကို ပြောတာပါ။ သဘာဝ ချောဆီမှာ ပါတဲ့ ဖယောင်း က အေးတဲ့အခါ ခဲသွားပါတယ်။ ဒါကြောင့် အင်ဂျင်ဝိုင် ပျစ်ပြီး မစီးဆင်းတော့ဘူး။ အခု ထည့် မယ့် Pour Point Depressant ကတော့ အေးလွန်းတဲ့ အချိန်မှာလည်း ချောဆီ ပျစ်ခဲ မသွားပဲ ပုံမှန် စီးဆင်းစေတယ်။
ဥပမာ Full Synthetic 0W-20 အင်ဂျင်ဝိုင် ရဲ့ Pour Point က – 51 ံC ဆို ရင် အဲ့ဒီ အင်ဂျုင်ဝိုင်ဟာ ရေခဲ မှတ် အောက် 51 ံC အေးခဲနေရင်လည်း အလုပ် လုပ်တယ် လို့ ဆိုလို ပါတယ်။
အသုံးပြုတဲ့ ဒြပ်ပေါင်းတွေကတော့ Alkylated Naphthalene နဲ့ Phenolic Polymer များ၊ PolyMethacrylates များ ဖြစ်တယ်။

(ခ) Seal Swell Agent (ရာဘာဆီးလ် မာ မသွားအောင် လုပ်ဆောင်ပေးတဲ့ additive)


အင်ဂျင်အတွင်းမှာ ပါတဲ့ Oil Seal များကို မာကြွပ် မသွားအောင် ပြုပြင်ပေးတဲ့ ဓါတုပစ္စည်း ဖြစ်ပါတယ်။ အများအားဖြင့် ကီလို တစ်သိန်းခွဲ ၊ နှစ်သိန်း အထက် မောင်းထား ပြီးတဲ့ ကား တွေမှာ Oil Seal များ အတန်ငယ် မာကြွပ်လာပြီး ပုံမှန် အလုပ် မလုပ် တော့တာကို ပြုပြင်ပေးဖို့ ဖြစ်ပါတယ် ။ အများအားဖြင့် High-Mileage Engine Oil များ မှာ ပါဝင်တယ်။
အသုံး ပြုတဲ့ ဒြပ်ပေါင်းတွေကတော့ Organic Phosphates, Aromatics, Halogenated Hydrocarbon များ ဖြစ် ပါတယ်။


(ဂ) Viscosity Improver (စေးပျစ်အားကို ပြုပြင်ပေးတဲ့ additive)


အင်ဂျင်အတွင်း (အင်ဂျင် လည်ပတ်မောင်းနှင်စဉ်) အပူ ချိန် တက် လာ ပါတယ် ။ အပူချိန် တက် လာ ရင် ပုံမှန် ချောဆီ ဟာ ကျဲ သွားပါတယ်။ အဲ့ လို အပူချိန် မြင့်လာချိန် ရှိသင့်တဲ့ စေးပျစ်အားထက် ပိုပြီး ကျဲမသွားအောင် အင်ဂျင်ဝိုင် အတွင်း ထည့်သွင်း ဖေါ်စပ် တာ ကတော့ Viscosity Index Improver (စေးပျစ်အားကို ပြုပြင်ပေးတဲ့ additive) ပဲ ဖြစ်ပါတယ်။
အရည်အသွေး နိမ့်တဲ့ Viscosity Improver ထက် အရည်အသွေးမြင့်တဲ့ Viscosity Improver များက အပူချိန်နဲ့ လိုက်ပြီး အင်ဂျင်ဝိုင် ရဲ ့ စေးပျစ်အား ပြောင်းလဲနှုန်းကို ထိန်းချုပ်ပေးထားနိုင်တယ်။ Viscosity Improver များဟာ အပူချိန် အနိမ့်မှာလည်း ချောဆီ ကောင်းကောင်း စီးဆင်း စေ တာကြောင့် ပွန်းစား ပျက်စီးခြင်းကို လျှှော့ချပေးပြီး၊ လောင်စာဆီ ကိုလည်း သက်သာစေပါတယ်။
အင်ဂျင်ဝိုင် အမျိုးအစားတစ်ခုရဲ့ Specs (အသေးစိတ်အချက်အလက်) တွေမှာ Viscosity Index VI ကို ဖေါ်ပြလေ့ရှိပြီး VI မြင့် လေ ကောင်းလေ ဖြစ်ပါတယ်။ Full Synthetic သို့မဟုတ် Synthetic လို့လည်းခေါ်တဲ့ အင်ဂျင်ဝိုင်တွေရဲ့ VI တန်ဘိုးဟာ 110 နဲ့ အထက် ရှိရင် ကောင်းပါတယ်။
Viscosity Index Improver အဖြစ် အသုံးပြုတဲ့ ပိုလီမာ တွေကတော့ Methacrylates, Butadiene Olefin များ နှင့် Alkylated Styrenes တို့ ဖြစ်ပါတယ်။

(၃။) ချောဆီကို အကာအကွယ်ပေးတဲ့ Lubricant additive များ


အင်ဂျင်ဝိုင် ရဲ့ တာဝန်က အင်ဂျင် ကို မပျက်စီးအောင် (ပျက်စီးမှု အနည်းဆုံး ဖြစ်အောင်) ကာကွယ် ပေးရသလို မိမိကိုယ်တိုင်လည်း မြန်မြန်ပျက်စီး မသွားအောင် (တာရှည်ခံအောင်) အကာအကွယ်ယူရတယ်။ ဒါကြောင့် အင်ဂျင်ဝိုင် ထုတ်လုပ်ရာမှာ ချောဆီကို အကာအကွယ်ပေးတဲ့ အောက်ပါ Lubricant Additive များ ကို ထည့်သွင်းအသုံး ပြုရတယ်။


(က) အမြုပ် မထအောင် ပြုလုပ်ပေးတဲ့ additive (Anti-Foaming Agent)


ဆီပူဖောင်းလေးတွေကို ဖောက်ပေးတဲ့ ဓာတု ပစ္စည်း လို့ အလွယ် နားလည် နိုင်ပါတယ်။ ဒီနည်း အားဖြင့် လေ နဲ့ ဆီ ထိတွေ့မှုကို လျှော့ချပေးလို့ အောက်စီဂျင်နဲ့ ပေါင်းစပ်မှုကို လျော့ကျစေတာ ဖြစ်တယ်။ အဲ့ဒါကြောင့် အင်ဂျင်ဝိုင် ကို သက်တမ်း ပိုရှည်စေတယ်။
အဆိုပါ ဓာတု ပစ္စည်းများဟာ ချောဆီမှာ ပျော်ဝင်ခြင်း မရှိတဲ့ ဆီလီကွန်မျိုး ဖြစ်တာကြောင့် ချောဆီထဲမှာ အလွန် သေးငယ်တဲ့ အမှုန်လေးတွေ အဖြစ်နဲ့သာ ပြန့်နှံ့ တည်ရှိကြတယ်။ အဲ့လို additive မျိုးကို ပမာဏ အနည်းငယ်သာ ထည့်ဖို့ လိုအပ်တယ်။ အကယ်၍ လိုအပ်သည်ထက် ပိုထည့်ပြီး အင်ဂျင်ဝိုင်ကို ထုတ်လုပ်ထားရင် အဲ့ဒီ အင်ဂျင်ဝိုင် ဟာ အင်ဂျင်အတွင်း အင်ဂျင်လည်ပတ်စဉ် အမြုပ်တွေပိုထ၊ လေတွေ ခို ပြီး မလိုလား တဲ့ ဆိုးကျိုးများ ဖြစ်စေတယ်။ အသုံးပြုရတဲ့ဓါတုပစ္စည်းကတော့ Silicone Polymers, Organic co-polymer များ ဖြစ်တယ်။


(ခ) အောက်စီဂျင်နဲ့ဓါတ်ပြုခြင်းကြောင့် ဓါတ်ပြိုကွဲခြင်း ကို ဟန့်တားပေးတဲ့ additive (Anti-Oxidant Agent) (ဓါတ်တိုးခြင်း မဖြစ်စေတဲ့ ဓါတုပစ္စည်း)


အောက်စီဂျင်နဲ့ဓါတ်ပြုခြင်း (ဓါတ်တိုးခြင်း) ဖြစ်စဉ်ဟာ အခြေခံချောဆီ အားနည်းတဲ့ အစိတ်အပိုင်းတွေကို တိုက်ခိုက်တယ်။ အောက်စီဂျင်နဲ့ဓါတ်ပြုခြင်း (ဓါတ်တိုးခြင်း) ဆိုတာ အပူချိန် အမျိုးမျိုး မှာ ဖြစ်ပေါ်ပေမယ့် အပူချိန်မြင့်ရင်၊ ရေဓါတ် ရှိနေရင်၊ ပွန်းစားထားတဲ့ သတ္တု နှင့် အခြား အညစ်အကြေးများ ရှိရင်၊ အောက်စီဂျင်နဲ့ဓါတ်ပြုခြင်း ပိုမို လျှင်မြန်စွာ ဖြစ်တယ်။ နောက်ဆုံးမှာ အက်စစ် တွေ ဖြစ်ပေါ်စေပြီး (၎င်းက တိုက်စားခြင်းကို ဖြစ်စေတယ်)၊ အင်ဂျင်ဝိုင်ချိုးတွေ ဖြစ်စေတယ်။


အောက်စီဂျင်နဲ့ဓါတ်ပြုခြင်း ကို ဟန့်တား နိုင်တဲ့ ဓါတ်ပစ္စည်း (Anti-Oxidant Agent) တွေ ကို အင်ဂျင်ဝိုင်ထုတ်လုပ်တဲ့ အခါ ထည့်သွင်း အသုံးပြုခြင်း ဖြင့် အင်ဂျင်ဝိုင် က ပို ပြီး အသုံး ခံတယ်။
အဲ့ဒီ အောက်စီဂျင်နဲ့ဓါတ်ပြုခြင်း ကို ဟန့်တား နိုင်တဲ့ ဓါတ်ပစ္စည်း တွေ ဟာ အခြေခံချောဆီကို အကာအကွယ် ပေးရင်း ၎င်းတို့ ကိုယ်တိုင်မှာတော့ အချိန် တစ်ခုမှာ ပျက်စီးသွားကြတယ်။ Anti-Oxidant Agent ဓါတု ပစ္စည်းကို အင်ဂျင်ဝိုင်များ နှင့် အမဲဆီ ထုတ်လုပ်ရာမှာ သုံးပါတယ်။
Anti-Oxidant Agent အဖြစ် အသုံး ပြုကြတဲ့ ဒြပ်ပေါင်း တွေ ကတော့ Zinc dithiophosphates, Hindered Phenols, Aromatic Amines, Sulphurized Phenols တို့ ဖြစ်တယ်။


(ဂ) Metal Deactivator သို့မဟုတ် Metal Deactivating Agents (MDA)


Organic Nitrogen, Sulphur, Amines, Sulphides and Phosphites များ ကို အင်ဂျင်ဝိုင် ထုတ်လုပ်ရာမှာ Metal Deactivating Agents များ အဖြစ် အသုံး ပြုကြတယ်။ ၎င်းတို့ဟာ သတ္တုအိုင်ယွန်များ နှင့် ပေါင်းပြီး သတ္တုမျက်နှာပြင် မှာ အလွှာတစ်ခု ဖြစ်လာက အောက်စီဂျင်နဲ့ သတ္တု မထိတွေ့အောင် ကာကွယ်ထားလို့ အင်ဂျင်ဝိုင်ရဲ့ ဂုဏ်သတ္တိကို တည်ငြိမ်စေတယ်။

(SaiWinAung – စုစည်းတင်ပြပါသည်။)

Leave a Comment